Wednesday, December 21, 2011
မြောက်ဦးမြို့ နန်းတော်တည်ဆောက်ခဲ့ပုံ အကျယ်အ၀န်း
မြောက်ဦးမြို့တော်တွင် နန်းတော်ကုန်းသည်ကား မူလနဂိုအားဖြင့် ကုက်္ကားတောင်နှင့် တောင်ညိုတောင်ကြီး နှစ်လုံးကိုခြံလျက် တည်ဆောက်ထားသော ကျောက်တား အမာခံမြေများ ဖြစ်ချေသည်။
    ပထမဆုံး မြောက်ဦးထီးနန်း တည်ဆောက်ခဲ့သော မင်းစောမွန်သည်၊ ကောဇာသက်္ကရာဇ် (၇၉၂) ခုနှစ်၊ တော်သလင်းလဆန်း တစ်ရက်နေ့၊ ခရစ်သက်္ကရာဇ် (၁၄၃၀) ခုနှစ် ထီးနန်းတည်ခဲ့လေသည်။
    ပထမဆုံး မြောက်ဦး ထီးနန်းတော်ဟိ မင်းစောမွန်များ လက်ထက် အုတ်တံတိုင်းများဖြင့်သာ တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ မြောက်ဦးဒုတိယခေတ် မင်းဗာဘုရင် လက်ထက်တော်၌ ကျောက်တံတိုင်း များဖြင့် ထပ်မံပြီးသော် ခိုင်ခံ့ကြီးကျယ်စွာဖြင့် တည်ဆောက်ခဲ့လေသည်။
    နန်းတော်ကုန်း၏ အဆင့်မှာ သုံးဆင့်ဖြစ်သည်။ ထိပ်ဆုံးအမြင့်မှ အောက်ဆုံးအဆင့်ထိ ပေပေါင်း (၅၀) မြင့်လေသည်။ တတိယအဆင့်၏ တောင်ဘက်မှ မြောက်ဘက်သို့ ပေပေါင်း (၁၆၀၆) ပေရှိသည်။ အရှေ့ဘက်မှ အနောက်ဘက်သို့ပေပေါင်း (၁၇၄၀) ပေရှိသည်။ တံတိုင်းများ အောက်ခြေတွင် ကျောက်သား (၇) ပေထုထယ်ရှိသည်။ တံတိုင်းတို့၏ အထက်ပိုင်း ထုထယ်မှာ (၄)ပေဖြစ်သည်။
    ပထမနှင့် ဒုတိယတံတိုင်း အကွာအဝေးမှာ ပေပေါင်း (၂၃၇) ပေ ရှည်လျားလေသည်။ အပေါ်ဆုံး အထက်နန်းရင်ပြင်၏ အကျယ်အ၀န်းမှာ (၆၅၆) ပေကျယ်ဝန်းလေသည်။ အရှေ့ဘက် တတိယအဆင့်တံခါးမှ ဒုတိယအဆင့်တံခါးထိ ပေပေါင်း (၂၆၇) ပေရှိသည်။ ၄င်းမှ ပထမဆင့်တံခါးသို့ ပေပေါင်း (၄၄၀) ပေ ကွာဝေးလေသည်။ မြောက်ဘက်အဆင့်တံခါးမှ ဒုတိယ အဆင့်တံခါးသို့ပေပေါင်း (၂၃၃)ပေ ရှိသည်။ ၄င်းမှ တတိယအဆင့်တံခါးသို့ (၁၆၆) ပေရှိသည်။
    အပေါ်ဆုံးနန်းရင်ပြင်၏ မြောက်ဘက်မှ တောင်ဘက်သို့ အလျား (၆၇၉) ပေ ကျယ်ဝန်းလေသည်။ တောင်ဘက်တတိယအဆင့်တံခါးမှ ဒုတိယဆင့်တံခါးသို့ ပေပေါင်း (၁၃၈) ပေရှိသည်။ ၄င်းမှ ပထမဆင့်တံခါးသို့ ပေပေါင်း (၄၅၀) ကွာဝေးသည်။ တံခါးများ၏ ၀င်ပေါက်စားမှာ (၁၀) ပေစီ ကျယ်ဝန်းသည်။ တံခါး တစ်ဖက်တစ်ချက်စီ တို့၏ တံခါးဘောင်များမှာ (၈) ပေစီ ရှေ့သို့ ထိုးထွက်လျက်ရှိကြသည်။
    တံတိုင်းများ ထုထည်အထူမှာ (၇)ပေ၊ (၆) လက်မရှိကြပြီး (၁၂)ပေစီ မြင့်ကြလေသည်။ တံခါးများ၏ အတွင်းဘက်နံရံများ၌ မြေကြီးသည် (၁) ပေခန့်အကွာရှိကျောက်တုံးကြီးနှင့် (၈) ပေအမြင့်ရှိသော ကျောက်တုံးကြီးတွင် (၅) လက်မရှိသော အပေါက်တစ်ပေါက်စီရှိလေသည်။
    နန်းတော်၏ အရှေ့ဘက် ဒုတိယအဆင့်တွင် နန်းသူနန်းသားများ သောက်သုံးကြသော သောက်ရေကန် (နန်းသားကန်) တည်ရှိသည်။ (ယခု နံ့သာကန်ဟုခေါ်ဆိုကြသည်။) ယခု နန်းတော်ကုန်း၏ အရှေ့ဘက် ဆင်းလမ်း နန်းလှေကား (ဆေးရုံကြီးရှေ့) လှေကားနှင့်အနောက်ဘက်ရှိ နန်းတော်ကုန်းမှအဆင်း လှေကားတို့မှာ ဗြိတိသျှ အင်္ဂလိပ်အစိုးရတို့ စိုးစံခဲ့စဉ် နန်းကုန်းကိုဖောက်ပြီး လမ်းလုပ်ရန် စီစဉ်ခဲ့ရာ တစ်မြို့လုံး ကန့်ကွက်ဆန်္ဒပြလေကြသဖြင့် လမ်းမဖောက်ဝံ့ဘဲ ထပ်ဆင့်ပြုလုပ်ထားကြလေသည်။
    ရခိုင်မင်းတို့စိုးစံခဲ့စဉ်က နန်းတော် တစ်ဖက်တစ်ချက် အဆင်းလှေကားအစစ်အမှန်နေရာ တို့သည်ကား အနောက် (ယခုပါတီယူနစ်ရုံးဟောင်း) တည်ရှိရာ အရှေ့တည့်တည့် ဆင်းလမ်းတံခါးနှင့် အရှေ့ဘက်တွင် နန်းသားကန်သို့ တည့်တည့်ဆင်းလမ်း နန်းလှေကား (ယခုအခါ တံတိုင်းကို ဆောက်လုပ်ရေးမှ သုသေသန တာဝန်ပေးချက်အရ တံတိုင်းစာသားတည်း အပေါက်ပိတ်ပြီး ကာရံထားကြလေသည်။) သို့နှင့် နန်းအရှေ့ တက်ဆင်း ရှေးဟောင်း နန်းလှေကားနေရာ ပျောက်ကွယ်နေသည်။ မြောက်ဦးနန်းတော်သို့ ဆင်းတက် လှေကားကြီး အရပ်လေးမျက်နှာမှ လေးခုတပ်ဆင်ထားရှိခဲ့ပေသည်။
    မြောက်ဦးနန်းတော်ကို တံတိုင်းသုံးဆင့်ဝိုင်းကာရံလျက် တံတိုင်းကြားတွင် ကျုံးတော်များရှိသည်။ မြောက်ဦးမြို့တော်ကို ခြံစည်းရိုးပမာ တံတိုင်းပတ်လည် ၀ိုင်းရံကာဆီးကာထားပြီး တံတိုင်းများ ထက်ဝယ် အမြောက်စင်ထားနေရာများနှင့်တကွ၊ သဘာဝတံတိုင်း၊ လုင်တံတိုင်းများပေါ်ဝယ် မြင်းစီးသူရဲဗိုလ်ပါများ စီးနင်းသွားလာ လှုပ်ရှားနိုင်အောင် စီစဉ်ပြုလုပ်ကာ ခမ်းနားကြီးကျယ်စွာ တည်ဆောက်ခဲ့လေသည်။ သို့ကြောင့် မြောက်ဦး မြို့တော်ကြီးသည် ထိုအချိန်က ကြက်ပျံမကျ စည်ကားလေသည်။ ခရစ်အေဒီ (၁၅) ရာစုမှ (၁၆) ရာစုအထိ  အလွန်ချမ်းသာကြွယ်ဝသော ကမ်္ဘာ့အဆင့်မီ သမိုင်းတွင် ထင်ရှားခဲ့သော မြို့တစ်မြို့သာ ဖြစ်ပေ တော့သတည်း။
0 comments: